လူသား၏သဘောသဘာဝ
ဘဟာအီသာသနာ၏ ကျမ်းစာဒေသနာတော်များအရလူသား၏ သဘာဝသည် နာမ်ဝိညာဉ်ပေါ်တွင် အခြေပြုထားသည်။ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များသည် ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိနေသော်လည်း လူတစ်ဦးစီတိုင်းအတွက် မမြင်နိုင်သော၊ တွေးတောဆင်ခြင်ကြည့်မှ သိမြင်နိုင်သော ထာဝရတည်ရှိနေသည့် နာမ်ဝိညာဉ်သည် လူတစ်ဦးချင်းစီ၏ မရှိမဖြစ် လိုအပ်သော ကိုယ်ပိုင်သီးသန့်ပုံရိပ်ဖြစ်သည်။
နာမ်ဝိညာဉ်သည် ခန္ဓာကိုယ်ကို သက်ဝင်လှုပ်ရှားစေပြီး လူသားနှင့် တိရိစ္ဆာန်ကိုခွဲခြားပေးထားသည်။ အလုံးစုံတို့ကိုသိမြင်တော်မူသောအရှင်နှင့် လူတစ်ဦးချင်းစီကြားတွင် ထိုအရှင်စေလွှတ်တော်မူသော အလင်းတော်ရအရှင်များကို ကိုးကွယ်ဝတ်ပြုခြင်းတည်းဟူသော ဆက်သွယ်မှုဖြင့်သာ ထိုနာမ်ဝိညာဉ်သည် တိုးတက်ဖွံဖြိုးသည်။ ထိုဆက်သွယ်မှုသည် ဘုရားရှိခိုးခြင်း၊ ထိုပညာပေးအရှင်များ၏ ရေးသားတော်မူချက်များမှ အသိပညာများကို လက်တွေ့အသုံးချခြင်း၊ ထာဝရဘုရားသခင်အား ချစ်မြတ်နိုးခြင်း၊ စာရိတ္တပိုင်းဆိုင်ရာ တစ်ကိုယ်ရည် စည်းကမ်းကောင်းမွန်ခြင်းနှင့် လူသားလောကအတွက် အမှုထမ်းခြင်းတို့ဖြင့် ပြုစုပျိုးထောင်ပေးရသည်။ ဘဝ၏ရည်ရွယ်ချက် ဘာဖြစ်သည်ဆိုသည်မှာ ထိုလုပ်ရပ်များကို လက်တွေ့လေ့ကျင့် လုပ်ဆောင်ခြင်းအားဖြင့် ပုံပေါ်လာပေသည်။
ဘဝကိုနာမ်ခန္ဓာပိုင်းမှ ပြုစုပျိုးထောင်ပေးခြင်းသည် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည်။ ပထမဦးစွာလူတစ်ဦးချင်းစီတွင် ပျော်ရွှင်မှုနှင့် လူမှုရေးပိုင်းတိုးတက်မှု တို့အတွက် အခြေခံထားသော မွေးရာပါအရည်အသွေးများ တိုးတက်များပြားလာပေမည်။ ထိုအရည်အသွေးများမှာ ယုံကြည်မှု၊ သတ္တိ၊ ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်း၊ ယုံကြည်မှုခံထိုက်ခြင်းနှင့် နှိမ့်ချခြင်းတို့ ပါဝင်ပေသည်။ ထိုအရည်အသွေးများ တိုးတက်ထင်ရှားလာလေလေ လူအဖွဲ့အစည်းတစ်ခုလုံး တိုးတက်လာလေလေဖြစ်သည်။
နောက်တစ်ပိုင်းအနေဖြင့် နာမ်ပိုင်းဆိုင်ရာတိုးတက်မှုသည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်၏ အလိုဆန္ဒတော်အတိုင်း နေထိုင်ခြင်းဖြစ်သည်။ ထိုသို့နေထိုင်ခြင်းသည် အလုံးစုံတို့ကိုသိမြင်တော်မူသော အရှင်ထံသို့ ပိုမိုနီးကပ်သွားစေပြီး သေပြီးနောက်အသက်တာအတွက် တစ်ဦးချင်းစီအနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်သည်။ ရုပ်ခန္ဓာသေဆုံးပြီးနောက် နာမ်ဝိညာဉ်ဘဝများတွင် `အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်၏ ကမ္ဘာများ´ သို့မဟုတ် ဖြစ်တည်ရာနေရာများဆီသို့ ဝိညာဏခရီးစတင်ထွက်ခွာရသည်။ ထိုတိုးတက်ရောက်ရှိရမည့်ခရီးကို အစဉ်အလာအားဖြင့် ‘ကောင်းကင်နိုင်ငံတော်’ ‘နိဗ္ဗာန်’ နှင့် ပုံပမာခိုင်းနှိုင်းခဲ့ကြသည်။ အကယ်၍ နာမ်ဝိညာဉ်သည် ဖွံ့ဖြိုးတိုးတက်ရန်ကျရှုံးပါက ထိုနာမ်ဝိညာဉ်သည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်နှင့် ဝေးကွာစွာတည်ရှိပေမည်။ အလုံးစုံတို့ကို သိမြင်တော်မူသောအရှင်ထံမှ ဝေးကွာသောအခြေအနေကို ‘ငရဲ’ ဟုအဓိပ္ပာယ်သတ်မှတ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်၊ နိဗ္ဗာန်နှင့် ငရဲတို့သည် အတိအကျ သတ်မှတ်ထားသောနေရာများဟု မမှတ်ယူဘဲတစ်ဦးတစ်ယောက်သည် အလုံးစုံတို့ကို သိမြင်တော်မူသောအရှင့် အလင်းဆီသို့ နီးကပ်ခြင်းနှင့် ဝေးကွာခြင်းတို့၏ ကွာခြားချက်ပင်ဖြစ်သည်။
နာမ်ဝိညာဉ်၏ အသက်တာ
နာမ်ဝိညာဉ်သည် လူသားအားလုံးတို့ ကိုးကွယ်ရာအရှင်၏ နာမ်လောကမှ အစပြုလေသည်။ ၎င်းသည် ရူပကမ္ဘာ (လောကီ)ရှိ အရာအားလုံးတို့ထက် သာလွန်မြင့်မြတ်လေသည်။ လူသားတစ်ဦးသည် ပဋိသန္ဓေရှိစဉ်ကပင် နာမ်လောကမှလာသောနာမ်ဝိညာဉ်သည် သန္ဓေသားနှင့် ဆက်သွယ်ပေါင်းစပ်ရာမှ အစပြုဖြစ်ပေါ် လာလေသည်။ ဤသို့ဆက်သွယ်ပေါင်းစပ်မှုသည် လောကီသဘော ပေါင်းစပ်ခြင်းမျိုးမဟုတ်ပေ။ နာမ်ဝိညာဉ်သည် ရုပ်ခန္ဓာအတွင်းသို့ ဝင်ခြင်း၊ ထွက်ခြင်း၊ ရုပ်ခန္ဓာ ဆိုင်ရာနေရာများတွင် အကျုံးဝင် နေထိုင်ခြင်းမရှိပေ။ ဤနာမ်ဝိညာဉ်နှင့် ရုပ်ခန္ဓာဆက်သွယ်နေမှုသည် အလင်းရောင်နှင့် အလင်းပြန်နိုင်သောမှန်ကြေးမုံတို့နှင့် အလားတူ ပေသည်။ မှန်ကြေးမုံထဲတွင် ပေါ်နေသောအလင်းသည် ထိုမှန်ထဲတွင် ရှိမနေပေ။ ဤအလင်းသည် ပြင်ပမှလာခြင်းသာဖြစ်သည်။ ထိုနည်းတူစွာနာမ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲတွင် တည်ရှိနေခြင်းမဟုတ်ပေ။ ၎င်းနှင့် ရုပ်ခန္ဓာသည် ထူးခြားစွာဆက်သွယ်နေပြီး ၎င်းတို့နှစ်ခုပေါင်းမှ လူသားတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပေသည်။
ကျွန်ုပ်တို့သည် နာမ်ဝိညာဉ်၏ တိကျသေချာသောသဘောသဘာဝကိုနားမလည်နိုင်ပေ။ ဘဟာအွလ္လာဘုရားရှင်ကမိန့်ကြားတော်မူသည်မှာ “ထာဝရဘုရားသခင်၏ အမှတ်လက္ခဏာတော်၊ ကောင်းကင်ဘုံ၏ ကျောက်မျက်ရတနာ ဖြစ်သောယင်းနာမ်ဝိညာဉ်၏ အစစ်အမှန်ကိုပညာတတ် ပုဂ္ဂိုလ်များပင် မဖမ်းဆုပ်မိနိုင်ပေ။ ယင်းနာမ်ဝိညာဉ်၏ လျှို့ဝှက်ဆန်းကျယ်မှုကိုတွေးတောကြည့်၍မရသကဲ့သို့ အစဉ်အမြဲပင် နားလည်သဘောပေါက်ရန်မမျှော်လင့်နိုင်ပေ။” နာမ်ဝိညာဉ်သည် “သူ၏ ဖန်ဆင်းရှင်ကို အကောင်းမြတ်ဆုံး ကြေညာပေးရန်၊ အရှင်၏ တန်ခိုးစွမ်းအားတော်ကိုအသိအမှတ်ပြုရန်၊ ထာဝရဘုရားသခင်၏အမှန်တရားကိုဖက်တွယ်ထားရန်နှင့် အရှင်၏ရှေ့တော်မှောက်တွင် ချစ်ခင်မြတ်နိုးခြင်းကြောင့် သူ၏ဦးခေါင်းကိုညွတ်ထားရန်အတွက် ဖန်ဆင်းထားသမျှအရာအားလုံးထဲမှ ပထမဆုံးအရာပင်ဖြစ်သည်။”
ထိုနာမ်ဝိညာဉ်၏ စွမ်းအားများဖြင့်သာ လူသားသည် တိုးတက်မှုကိုရရှိနိုင်သည်။ အဗ္ဗဒွလ်ဘဟာအရှင်မြတ်က မိန့်ကြားထားသည်မှာ “နာမ်ဝိညာဉ်သည် အရာဝတ္ထုများ၏ အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပြီး၊ ဖြစ်တည်နေခြင်း၏ ထူးခြားမှုကိုလည်း သိရှိနားလည်နိုင်ကာ၊ တည်ရှိနေခြင်း၏ လျှို့ဝှက်နက်နဲမှုကို ထွင်းဖောက်မြင်နိုင်လေသည်။ သိပ္ပံပညာများ၊ အသိပညာဗဟုသုတများ၊ အနုပညာရပ်များ၊ အံ့ချီးဖွယ်ရာများ၊ တက္ကသိုလ်ပညာရပ်များ၊ စူးစမ်းလေ့လာမှုများ၊ လက်တွေ့လုပ်ရပ် အားလုံးတို့သည် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော နာမ်ဝိညာဉ်ကိုသိမြင် နားလည်လာစေရန် လေ့ကျင့်ခြင်းမှသာရရှိနိုင်လေသည်။”
အကယ်၍ ကျွန်ုပ်တို့၏ ဖြစ်တည်မှုသည် မှန်တစ်ချပ်ကဲ့သို့ဖြစ်လျှင် ယင်းမှန်၏ ပြည့်ဝသောစွမ်းဆောင်နိုင်ရည်များကိုမှန်သည် အရောင်တောက်ပနေကြောင်း အလင်းဘက်သို့ မျက်နှာလှည့်ထားမှသာလျှင် ဖေါ်ထုတ်ပြသနိုင်ပေသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့ နာမ်ဝိညာဉ်များ၏ မှန်များသည် ဆုတောင်းခြင်း၊ သန့်ရှင်းမြင့်မြတ်သော ကျမ်းစာတော်များကိုလေ့လာခြင်း၊ အသိပညာဗဟုသုတများကိုသိုမှီးခြင်း၊ ကျွန်ုပ်တို့၏အပြုအမူများအားတိုးတက်ကောင်းမွန်လာအောင် ကြိုးစားအားထုတ်ခြင်း၊ လူသားလောက အတွက် အမှုထမ်းခြင်းတို့ဖြင့်သာတောက်ပလာနိုင်ပေသည်။